ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး

ပွင့်ဖြူ      ဖေဖော်ဝါရီ        ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ဂါတ်ကုန်းကျေးရွာသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် တတိယအကြိမ်မြောက် စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ပိုမိုအောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်း၏ မူဘောင်များနှင့် အညီ စနစ်တကျ လုပ်ကိုင်သွားရန်၊ ချေးငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန်၊ ငွေစာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ပြုစုထိန်းသိမ်း ထားရှိရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် စီမံကိန်းဝင်အသင်းသား၊ အသင်းသူ ၂၀၈ ဦးအား တတိယ အကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် (၃၉၀) သိန်းကို စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)