မြောင်းမြ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွာသာကြီးကျေးရွာအုပ်စု၊ ကျောက်ခဲချောင်ကျေးရွာနှင့် ရေလျှံကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ခဲချောင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာတို့မှ အခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ်မှ ကျောက်ခဲချောင်ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကျေးရွာမီးလင်းရေး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့်ပက်ဖျန်း ခဲ့သည်။
၎င်းနောက် ဝန်ကြီးချုပ်မှ ရွာသာကြီးကျေးရွာအုပ်စုနေ ကျေးရွာသူ/သားတို့နှင့်တွေ့ဆုံ၍ ကျေးရွာ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကိစ္စများအပေါ် ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းမှာကြားသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေလျှံကျေးရွာ သို့သွားရောက်၍ ရေလျှံကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအား ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းလျှပ်စစ် အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျေးရွာ မီးလင်းရေး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့်ပက်ဖျန်းခဲ့ကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးတင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းမှာကြာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)