ပန်းခင်းစီမံချက်ဖြင့် မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို လျာထားချက် ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ

မြိတ် ဖေဖော်ဝါရီ ၆

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေးအတွက် ပြည်သူလူထုအားလုံး၏လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မြိတ်မြို့နယ်အနေနဲ့ ဇန်နဝါရီ(၃၁)ရက်မှာ နိုင်ငံသားစိစစ်ရေးကတ်အနေနဲ့ (၁၀၀.၉) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း အနေနဲ့(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ (၄) ရက်မှာဆောင်ရွက်နေတဲ့ ကန်ဖျားရပ်ကွက်နဲ့ အလယ်ကျွန်းရပ်ကွက်တို့ဟာ ပန်းခင်းစီမံချက်ရဲ့ နောက်ဆုံး ကွင်းပိတ်ကွင်းဖြစ်ပါတယ်။ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ ပုံစံတွေကို ကြိုတင်ဖြန့်ဝေပေးထားရှိ၍ စီမံချက်လုပ် ငန်းတွေ ကြိုတင်ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းတဲ့အဖွဲ့(၄)ဖွဲ့နဲ့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့တဲ့အတွက် ဇန်နဝါရီလကုန်မှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးတာ ဖြစ်ပါတယ်” ဟု မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက ပြောသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ကန်ဖျားရပ်ကွက် ဘုရားငါးဆူကျောင်းနှင့် အလယ်ကျွန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် မြိတ်မြို့နယ်၏ နောက်ဆုံးကွင်းပိတ် ကွင်းအဖြစ် မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ပြည်သူများအား ယမန်နေ့က ဆောင်ရွက်ပေးနေမှုအား မြိတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးတို့ကကြည့်ရှုအားပေးခဲ့ကြ၍ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိစေရေးအတွက် နိုင်ငံတော်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးမှုများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ပြည်သူလူထုအား ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှစတင်ကာ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာတွင် မြိတ်မြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၂)အုပ်စုရှိ ပြည်သူလူထုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၂၇၆၈) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၆၆၀) စောင် လျာထားဆောင်ရွက်ခဲ့ရာ ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွား နေသည့်ကာလတွင်ပင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)