ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၅ ရက် ၊ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု ကျွန်းပင်စင်ကျေးရွာတွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်း လင်းဆွေးနွေး ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်ခင်စိုးစိုးစံက သင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့်သင်ခန်းစာများနှင့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းကိုဖွင့်လှစ်ကာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းနည်းပြဆရာများက တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံ အခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေး ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ကျောက်ဖရုံယိုပြုလုပ်နည်း ၊ သင်္ဘောသီးယိုပြုလုပ်နည်း(အချို/အစပ်) ၊ ငှက်ပျောကြော်ပြုလုပ်နည်း ၊ မကျည်းဖျော်ရည်(အဆီ)ပြုလုပ်နည်း ၊ မကျည်းဆော့ပြုလုပ်နည်း ၊ ရှားစောင်းလက်ပတ်ဖျော်ရည်ပြုလုပ်နည်း ၊ ချဉ်ပေါင်ဖျော်ရည်ပြုလုပ်နည်းစနစ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရကာ သင်တန်းသို့ ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ များမှ သင်တန်းသားဦးရေ စုစုပေါင်း ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၁၁ ရက်နေ့ အထိ (၇)ရက်ကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )