ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးအား ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေပေးအပ်

သရက် ‌ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးကို ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပီတိပညာရေးပရဟိတ နာယက ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့် အငြိမ်းစားယူပြီး ဆရာကြီးဆရာမများ လစဉ်အလှူငွေ ပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတ အဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေ ကောက်ခံဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် အငြိမ်းစား ပင်စင်ယူထားသည့် ဆရာမကြီး ဒေါ်မြို့ရင်အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်   ငွေကျပ် (၁၅) သိန်းကို ဆရာမ ဒေါ်တင်တင်မြင့်က ပေးအပ်ခဲ့ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာမကြီး ဒေါ်မြို့ရင်က အလှူငွေ (၃)သောင်းလှူဒါန်းရာ ပညာရေး (ငြိမ်း) ဦးမြင့်ဆွေက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)