ကျွန်းလှ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (MASK) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က သစ်ရာမြိုင်ရပ်ကွက်၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သစ်ရာမြိုင်ရပ်ကွက် လမ်းဆုံ၌ လမ်းသွား၊ လမ်းလာများ၊ ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်း (MASK) အခု ၁၀၀၀နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ မြို့ပေါ်လူစည်ကားသောနေရာများ၊ မြို့မစည်ပင် သာယာဈေးနှင့် ပိတောက်မြိုင်ရပ်ကွက်ဈေး တို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း (MASK) နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)