စလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် သနပ်ကုန်းကျေးရွာ အထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူ(၇၇)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စလင်း  ဖေဖော်ဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာတွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သနပ် ကုန်း အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီအချိန်က လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးတင်အေးနှင့် ဝန်ထမ်းများက သနပ်ကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို မြို့နယ်ပညာရေးမှူးဦးသိန်းဌေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နောင်လင်းနှင့် ရပ်မိရပ်ဖများက ကွင်းဆင်းကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက်ကျောင်းသား/ သူများအား ပန်းခင်းစီမံချက် ဖြင့် အသက်(၁၆)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်နိုင်မှုတို့ကို မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးတင်အေးက ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ အသက်(၁၆)နှစ်ပြည့်ကျောင်းသား/သူ(၇၇)ဦးအား ပန်းခင်းစီမံချက်ဖြင့်  အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)