ကြံခင်း ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ အခမ်းအနားကို ယမန်နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာရေး အဖွဲ့ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်မှ လေလံတင်ရောင်းချပွဲသို့ တက်ရောက်လာသူများအား လေလံ စည်းမျဉ်း၊ စည်းကမ်းချက်များ အားရှင်းလင်းပြောကြားသည်။
ထို့နောက် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်ပေါင်း (၄၂)ခုအနက်မှ လိုင်စင်ပေါင်း(၃၆)ခုအား ရောင်းချရပြီး ကျန်လိုင်စင်(၆)ခုအား ကြော်ငြာခေါ်ယူပြီး ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲသော လိုင်စင်(၃၆)ခုအတွက် လိုင်စင်ကြေးငွေ ကျပ်သိန်း(၁၇၃၃ဒဿမ၀၃၀) ဖြင့် ရောင်းချခဲ့ပြီး ယခင်ကြမ်းခင်းစျေးထက် ငွေကျပ်သိန်း (၃၁၈ဒဿမ၅၀၇)ပိုမိုရရှိခဲ့ကြောင်းနှင့် ကျန်လိုင်စင်(၆)ခုကို (၁၄-၂-၂၀၂၂)တွင် ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)