ပိုင်ကျုံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းသည် (၁.၆၀၉)ကီလိုမီတာရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ခုနှစ် ၆လပတ်ဘဏ္ဍာရေးနှစ် ကရင် ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၂၆၈.၃၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့်ကျေးရွာအတွင်းရှိ ကျေး လက်နေပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူးခူး၊ စောဂျိုးဇက်ဂျူး