ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ်-၁၉ အသိပညာပေးဆောင်ရွက်

ဘားအံ ဩဂုတ်  ၂၇

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာ၍  အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၈) ခု ဖွင့်လှစ်ထားရှိရာ ယမန်နေ့ မိုးလုံလေလုံအားကစားရုံရေဘေးစခန်းနှင့် ရွှေရင်မျှော်ရေဘေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများလိုက်နာရမည့် အဓိက သတင်းစကား (၁၀)ချက်ကို နှိုးဆော်ပေးခြင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် COVID-19 မပြန့်ပွားဖို့ မိမိကစကာကွယ်စို့” အဓိကသတင်းစကား လက်ကမ်းစာစောင်ပါ အနုပညာရှင်များ၏ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးအသိပညာပေးစကားသံများ ၊ စနစ်တကျလက်ဆေးနည်းများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုဗစ်-၁၉  နှင့်ပတ်သက်၍ နှိုးဆော်ချက်များ၊ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့နိုင်ခြေများ ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင်လည်း ရေဘေးသင့်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးစိုးအေး