လေးမျက်နှာမြို့နယ် လှည်းထောက်ကွင်းကျေးရွာတွင် ဒုတိယအကြိမ် မြစိမ်းရောင်ချေးငွေ ထုတ်ချေး

လေးမျက်နှာ ဖေဖော်ဝါရီ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်  ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှည်းထောက်ကွင်း ကျေးရွာအုပ်စု လှည်းထောက် ကွင်းကျေးရွာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ဒုတိယအကြိမ် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို လှည်းထောက်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း(၈၄)ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၃၀၅)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက် ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)