အရာတော် ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီနေထိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များ၊ ဈေးဆိုင်များ၊ စတိုးဆိုင်၊ စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ မော်တော်ယာဉ် လိုင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ပညာပေးခြင်း၊ တာဝန်ရှိသူများက အထူးကြပ်မတ်စစ်ဆေးပြီး စည်းကမ်းလိုက်နာမှု မရှိသူများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှူရေးအဖွဲ့အစည်းများက မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေ များကို အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရ သည်။
နွယ်နီမြင့်(ပြန်/ဆက်)