ဘားအံမြို့ အ.ထ.က(၁)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ   ၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ အချိန်က  ဘားအံမြို့ အ.ထ.က(၁) ၊ မြသံလွင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒိုင်ချုပ်အဖြစ်ဆောင်ရွက်သော မြန်မာစာကထိက(ငြိမ်း) ဒေါ်အေးမိစံက ပြိုင်ပွဲနှင့်ပတ်သက်သည့်  အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကျပန်းစကားပြောပြိုင်ပွဲတွင် အခြေခံပညာ ကျောင်း(၉)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉)ဦးက “စည်းလုံးညီညီအောင်ပွဲဆီ၊ “ပေါင်းစုဖော်ဆောင်တို့ပြည်ထောင်၊ “စည်းလုံးမှုအခြေခံ မျိုးချစ်အားမာန်စသည့် မိမိကျရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော် စွမ်းရည်များရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)