တောင်တွင်းကြီး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လှုပ်လှုပ်ရှားရှား အားကစား ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားပြိုင်ပွဲများဖြစ်သည့် ဂေါ်လီဇွန်းကိုက်ပြိုင်ပွဲ၊ ကြိုးထိုးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ ပူစီပေါင်းမှုတ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ကြက်ဥကောက် ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အလယ်တန်းကျောင်း (မြို့မ) မှ မူလတန်း အဆင့် ကျောင်းသားကျောင်းသူကလေးငယ်(၃၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)