ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိ

ကော့သောင်း   ဖေဖေါ်ဝါရီ  ၅

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကို-ဗစ်၁၉ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကော့သောင်း မြို့နယ်၊ မလိဝမ်းကျေးရွာအတွင်း ဒုတိယနေ့အဖြစ် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလှက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက် တောရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပြီး ဆောင်ရွက်မှုအဖြစ် ကျေးရွာပြည်သူ(၄၁၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

 ကျော်စိုး