လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အစားအသောက် ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

လှိုင်းဘွဲ      ဖေဖော်ဝါရီ     ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်းလုံခြုံစေရန်အတွက် အစားအသောက် ဘေးကင်းလုံခြုံရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်းလုံခြုံစေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က အစားအသောက်များ ဘေးကင်း လုံခြုံရေးအတွက် အဓိကလိုက်နာရမည့် အချက်(၃)ချက်၊ အသီးအရွက်များစိုက်ပျိုးရာတွင် ဂရုပြုရမည့် အချက်များ၊ အစားအစာများကို ထုတ်လုပ်၊ သိုလှောင်၊ သယ်ဆောင် ရောင်းဝယ်ရာတွင် ဂရုပြုရမည့် အချက်များ၊ စားသုံးသူများအနေဖြင့် ဂရုပြုရမည့်အချက်များ စသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက် အတွင်းရေးမှူး ဦးမြသွေးက အစားအသောက်နှင့် ကျန်းမာရေး၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ၊ အချိန်လွန် အစားအစာများ၊ တရားမဝင် ထုတ်ကုန်များမှ အစားအသောက်များ၊ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ သုံးစွဲရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးကြစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)