လက်ပံတန်း ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျွန်းကလေးကားဂိတ်ရှိ စား သောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များက ကိုဗစ်ကာလ ဖြစ်သည့်အတွက် စားသောက်ဆိုင်များတွင် လက်ဆေး ဘေစင်များ၊ လက်သန့် ဆေးရည်များ ထားရှိခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ စားသောက်ဆိုင် ပိုင်ရှင်နှင့် ဝန်ထမ်းများ နှာခေါင်း စည်း တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း နှင့် ဆိုင်ထိုင်စားသုံးသူများအား (၃)ပေအကွာ နေရာ ထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆိုင်တာဝန်ခံများအား လက်ဆေးခြင်း၊ mask တပ်ဆင် ဝင်လာခြင်းများ၊ ကိုယ်အပူ ချိန်တိုင်းတာခြင်းများကို ဆိုင်ရှိ ဝန်ထမ်း များအား သီးခြားတာဝန်ပေးထားရန်၊ သတ်မှတ် စည်းကမ်းချက်နှင့် ကိုက်ညီစွာ ရောင်းချရန်တို့ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး