ကျွန်းစု ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများမရှိစေရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျွန်းစုမြို့နယ်၊ အမှတ် (၁) ရက်ကွက်၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) ရပ်ကွက်၊ ကတ္တလူကျေးရွာ၊ ကပကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာများတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိနေမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်အနေဖြင့် မိမိ၏ မဲစာရင်းပါ အချက်အလက်များကိုက်ညီမှု ရှိ၊ မရှိ ကြည့်ရှုကြရန်နှင် မဲပေးရာတွင် လွယ်ကူရေးအတွက် မဲစာရင်းနံပါတ်များအား မှတ်သားထားရန်မှာကြားခဲ့ပြီးနောက် ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံထားရှိမည့်တည်နေရာများ လိုက်လံကြည့်ရှုခဲ့ကြသည်။
ကျွန်းစုမြို့ပေါ်ရပ်ကွက် အမှတ် (၁+၂+၃+၄) တို့တွင် မဲရုံ(၅)ရုံ၊ မဲဆန္ဒရှင်(၃၉၁၈)ဦးရှိပြီး ကတ္တလူကျေးရွာ အုပ်စုနှင့် ကပကျေးရွာအုပ်စုတို့တွင် မဲရုံ (၂+၉) ရုံရှိပြီး မဲဆန္ဒရှင် (၆၈၂၄) ဦးရှိကြောင်း၊ ကျွန်းစုမြို့နယ်တွင် မဲရုံ စုစုပေါင်း (၁၆၃) ရုံ၊ မဲဆန္ဒရှင် (၁၀၅၈၅၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)