ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုလဲ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းကြည်က ၂၀၂၀ ပြည့်နှစ် အထွေ‌ထွေရွေးကောက်ပွဲ ကျင်းပပြု လုပ်ရန်  နီးကပ်လာပြီ  ဖြစ်သောကြောင့်   ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ   အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများကိုကြီးကြပ်ရမည့် တာဝန်ရှိပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက   ပြည့်စုံမှန်ကန်သည့်   မဲစာရင်းများ  ဖြစ်စေရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ဆယ်အိမ်စုများအလိုက် ကွင်းဆင်းစိစစ်လျက်ရှိရာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးစေလိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ   အတည်ပြု   ကြေညာ ပြီးနောက်   မဲဆွယ်စည်းရုံးရေးကာလကို ရောက်ရှိမည်ဖြစ်ရာ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံရေးပါတီများက    အေးချမ်းစွာဖြင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက် ကြရန် လိုကြောင်း၊ ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ   ၈ ရက်မှာ   ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက ပထမအကြိမ်မဲဆန္ဒ ရှင်စာရင်း များကို ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာများမှာ ကပ်ထားကြေညာခဲ့ပြီး   ဖြစ်ကြောင်း၊   မဲဆန္ဒရှင်စာရင်း    ကူးယူခွင့်ကို ညွှန်ကြားချက်များနှင့်အညီ ကူးယူခွင့်ပြုမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများကို   ကိုယ်တိုင်  မကြည့်ရှုနိုင်ပါက မိမိ၏  အမည်   မဲဆန္ဒရှင်စာရင်းတွင်  ပါ/ မပါကို   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး Hot Line ဖုန်း ၀၇၁ -၂၀၃၅၁၉၅ သို့ ဆက်သွယ်မေးမြန်း နိုင်ပါ ကြောင်းနှင့်  မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ နှိုင်းရေးကော်မတီဖွဲ့ စည်းထားရှိမှုကို ရှင်းလင်း ပြောကြား ခဲ့သည်။

ထိုနောက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ တာဝန် ရှိသူများနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍  သိရှိလိုသည့် အချက် အလက်များကို မေးမြန်းရာ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးထွန်းကြည်က ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)