ကျွန်းစုမြို့တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များ ရောင်းချနေမှုများကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် မြို့ပေါ်ရပ်ကွက်များစားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၂၃) ဆိုင်ရှိပြီး ၎င်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များကို နေ့စဉ်လိုက်နာ ရောင်းချရန်၊ မရောင်းချပါက ပထမအကြိမ် ဝန်ခံကတိရေးထိုးခြင်း၊ ဒုတိယအကြိမ်ဖောက်ဖျက်ကျူးလွန်ပါက ဆိုင် (ရက်ပိတ်ခိုင်းခြင်း၊ တတိယအကြိမ် ဖောက်ဖျက်ကျူးလွန်ပါက စည်ပင်သာယာရေးအဖွဲ့မှ ချပေးထားသော လုပ်ငန်းလိုင်စင်အား ပြန်လည်ရုပ်သိမ်းခြင်းတို့ဖြင့် ကိုဗစ်ဥပဒေအရ အရေးယူသွားမည်ကို သတိပေးပြောကြားခဲ့ကြောင်း၊ ထိုသို့စစ်ဆေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)