သရက်ချောင်းမြို့နယ်တွင် မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် စံပြမိခင်ရွေးချယ်ခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

သရက်ချောင်း သြဂုတ် ၂၇

မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် စံပြမိခင်ရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာပုညတို့က ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့် အာဟာရပြည့်ဝသည့်အစားအစာများ စားသုံးတတ်ရန်လိုကြောင်း၊ ဌာနကပေးအပ်သည့်ဆေးများကိုလည်း ပုံမှန်သောက်သုံးရန်လိုကြောင်း၊ ယခုကျရောက်နေသည့် ကိုဗစ်−၁၉ ကာလအတွင်း ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် လူစုလူဝေးရှောင်ရှားရန်၊ အပြင်သို့ထွက်သည့်အခါတိုင်း Mask တပ်ရန်နှင့် စနစ်တကျလက်ဆေးရန်တို့အား ပြောကြားခဲ့သည်။

ဆက်လက်၍ World Vision Myanmar မှ သရက်ချောင်းမြို့နယ် စီမံချက်မန်နေဂျာ စောစိုးချစ်ဦးက ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများနှင့် အစာအာဟာရအုပ်စုများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထိုနောက် စံပြမိခင်ရွေးချယ်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောမိခင်များနှင့် ကလေးငယ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာပုည၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ယုဇနခင်နှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်ဆုနှင့် အသက် (၆) လမှ (၅) နှစ်အထိ ကလေးဆုတွင် (ပ၊ ဒု၊ တ)ဆုရရှိသော ကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

သရက်ချောင်း (ပြန်/ဆက်)