လေးမျက်နှာ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်၌ လေးမျက်နှာမြို့နယ် စည်ပင်သာရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ဇေယျမှ လေလံပွဲသို့ တက်ရောက်လာသူများအား လေလံစည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး အဆိုပါစည်းကမ်းချက်များအတိုင်း လိုက်နာ၍ လေလံဆွဲကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် ၂၀၂၂-၂၀၂၃ခုနှစ်အတွက် လိုင်စင်ပေါင်း(၃၃)ခုအနက်မှ လိုင်စင်ပေါင်း (၂၆)ခုအား ရောင်းချရပြီး ကျန်လိုင်စင်(၇)ခုအား ထပ်မံကြော်ငြာခေါ်ယူ၍ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လိုင်စင်(၃၃)ခု၏ ကြမ်းခင်းစျေးအား ငွေကျပ်(၈၁၀၉၂၀၀၀/-)သတ်မှတ်ခဲ့ရာ ယခုနှစ်အတွက် လိုင်စင်(၂၆)ခု၏ လေလံကြေးငွေကျပ်(၈၇၆၉၀၀၀၀/-)ရရှိခဲ့ပြီး လေလံကြေးငွေ (၁၂၈၅၂၀၀၀/-)ပိုမိုရရှိကာ ကျန်လိုင်စင်(၇)ခုကိူလည်း ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)