သာယာဝတီမြို့နယ်တွင် အသင်းအဖွဲ့များအား အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ပေးအပ်

သာယာဝတီ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အသင်းအဖွဲ့များအား အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက လူမှုရေးအသင်းအဖွဲ့များအား ရေရှည်မျှော်မှန်းချက်ထား အကျိုးရှိရှိ ဆောင်ရွက်ကြစေလိုပါကြောင်း၊ အသင်းအဖွဲ့ ဥပဒေများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေး နွေးခဲ့ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် မြို့နယ်အတွင်း လိုအပ်လျက်ရှိသော ပြည်သူများအတွက် စေတနာထား ဆောင်ရွက်ကြသည်များကို အသိအမှတ်ပြုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောခဲ့ပြီးနောက် အသိအမှတ်ပြု မှတ်ပုံတင်ရေးအဖွဲ့မှ အသင်းအဖွဲ့များဖြစ်သော ကရုဏာရှင် (သုံးဆယ်) အသင်းနှင့် ကရုဏာသွေးလှူရှင်အသင်း၊ မေတ္တာဝတီအသင်းနှင့် ဝံသာနုရက္ခိတအသင်း၊ ကရင်စုလူငယ်အသင်းနှင့် ငြိမ်းချမ်းရေး နာရေးကူညီမှုအသင်း၊ အဘယသုခကျန်းမာရေး စောင့်ရှောက်မှုအသင်းနှင့် ဂုံမင်းမြောင်စေတနာ လူမှုကူညီရေးအသင်း၊ ကရင်စုမွန်မြတ်စေတနာအသင်းနှင့် စံရွေးတန်းစေတနာမွန်အသင်း၊ အလယ်ကုန်းစေတနာရှင် နာရေးကူညီမှုအသင်းတို့အား သတ်မှတ် စည်းကမ်းချက်မှာနှင့်အညီ ဆောင်ရွက်သွားကြရန် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီး မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခဲ့သည်။

ယင်းနောက် အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးရာတွင် အသင်းအဖွဲ့များ ကိုယ်စား ကရုဏာရှင် လူမှုကူညီရေးအသင်း (သုံးဆယ်)က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးခိုင်(သာယာဝတီ)