တနင်္သာရီမြို့တွင် သဘာဝဘိုးဘွားရိပ်သာဆေးရုံ ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

တနင်္သာရီ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ကျက်သရေဆောင် သဘာဝဘိုးဘွား ရိပ်သာ အတွင်းရှိ ဘိုးဘွားများအား ကျန်းမာရေးပြုစုပေးနိုင်ရေးအတွက် သဘာဝဘိုးဘွား ရိပ်သာ ၏ ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တသုန္ဒရမှ ဘိုးဘွားရိပ်သာဆေးရုံဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို အဆိုပါဘိုးဘွားရိပ်သာအတွင်း ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မ,တည်အလှူရှင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင် များက နမောတဿ(၃)ကြိမ်ဘုရားကန်တော့ပြီး ဆရာတော်ဘဒ္ဒန္တသုန္ဒရက ငါးပါးသီလ ချီးမြှင့်ပေး၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တော်အား ရွတ်ပွားပူဇော်ပေး တော်မူသည်။ ဆက်လက်၍ သဘာဝဘိုးဘွားရိပ်သာ၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တသုန္ဒရက ဘိုးဘွားရိပ်သာဆေးရုံ ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းမိန့်ကြားတော် မူသည်။

ယင်းနောက် ဘိုးဘွားရိပ်သာဆေးရုံ ဆောက်လုပ်နိုင်ရန် မ,တည်အလှူရှင်များ၊ စေတနာရှင် အလှူရှင် များက ဆရာတော်ဘုရားထံ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။ ထို့နောက် ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၊ မ,တည်အလှူရှင် ဒေါ်လှမြင့်နှင့်စေတနာရှင်များ အလှူရှင်များနှင့် ဘိုးဘွားများက သတ်မှတ်နေရာ နေ့နံထောင့်များတွင် ပန္နက်တော်တင်မင်္ဂလာပြုလုပ်ပေးကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို သာဓုခေါ်ဆို၍ နံနက် ၈နာရီခွဲ အချိန်တွင် ပန္နက်တင်မင်္ဂလာ အောင်မြင်စွာပြီးဆုံးကြောင်း သိရသည်။

အဆိုပါ ခိုကိုးရာဘိုးဘွားရိပ်သာတွင် နားခိုစရာမရှိသူများနှင့် ခိုကိုးရာမဲ့အဘိုးအဘွားများ၊ အနောက်ခံ မိသားစုမရှိသူများ စသည်ဖြင့် ယနေ့အထိ အဘိုး(၂၁)ဦးနှင့်အဘွား(၁၉)ဦး စုစုပေါင်း (၄၀) ဦးရှိပြီး မျက်စိမမြင်သည့် အဘိုးတစ်ဦးနှင့်အဘွားတစ်ဦးပါရှိကြောင်း ဆရာတော်ထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)