မင်းလှမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၆၀၀၀၀)ပင်ကို မြေအစိုဓာတ်ရရှိချိန်တွင် အခမဲ့ဖြန့်ဝေပေးမည်

မင်းလှ   ဖေဖေါ်ဝါရီ   ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနက  ၂၀၂၂ ခုနှစ် မိုးရာသီစိမ်းလန်းစိုပြည်ရေးအတွက် ရွေဝါမြိုင် သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၆၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။

"ရွှေဝါမြိုင်သစ်တောပျိုးဥယျာဉ်တွင် ကျွန်း(၂၅၀၀၀)၊ မန်ဂန်ရှား(၃၀၀၀၀)၊ ပျဉ်ကတိုး(၁၀၀၀)၊ ပိတောက်(၅၀၀)၊ စိန်တံချု(၅၀၀) ၊ခရေ(၈၀၀)၊ ကံကော်(၂၀၀)၊ စိန်ပန်းကြီး(၁၀၀၀)၊ ငုရွှေဝါ (၁၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း(၆၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လပိုင်းမြေအစိုဓာတ် ရရှိချိန်တွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမယ်လို့" မြို့နယ်သစ်တောဦးစီးမှူး ဦးဆန်းတင်က ပြောကြားသည်။ ထို့အပြင် မြို့ချောင်း-စိန်ကန့်လန့်လမ်းဘေး(၁၆)မိုင် (၄)ဖာလုံရှိ ဗိုလ်ရုံစိုက်ခင်းပျိုးဥယျာဉ်တွင် မုက္ခာကြိုးဝိုင်းအကွက်အမှတ်(၄၁)တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးရန် စီးပွားရေးကျွန်းစိုက်ခင်း(၂၆၀) ဧကအတွက် သေပင်ဖာထေးရန်နှင့်ကျွန်း ပျိုးပင်ပေါင်း (၁၀၄၄၀) ပင်ကျော်နှင့် မုက္ခာကြိုး ဝိုင်းအကွက်အမှတ် (၄၀)တွင် (၁၂၉၆၀၀) ပင်ကျော်တို့ကို ပျိုးထောင်ထားပြီး သစ်တောဦးစီးဌာနအနေဖြင့် ဇွန်လအတွင်း စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်းသိရသည်။

ကျေးရွာသုံးစိုက်ခင်းအနေဖြင့် မုက္ခာကြိုးဝိုင်းအကွက် အမှတ်(၁၀)တွင် စိုက်ခင်း(၁၀)ဧကအတွက် မန်ဂျန်ရှား (၁၄၅၂၀)ပင် ပျိုးထောင်ထား ရှိကြောင်းသိရသည်။

ပေါက်စ (မင်းလှ)