ကော့ကရိတ် ဖေဖော်ဝါရီ ၄
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်း ပေါင်းစုံ ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် အထက(၁)ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးစောမင်းခင်က အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ် (၇) ရပ်ကွက် အထက (တောင်ပေါ်ရပ်)ကျောင်း ကျောင်းအုပ်ဆရာကြီးက ပြိုင်ပွဲနှင့် ပတ်သက်သည့် အမှတ်ပေး စည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားသည်။ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပင်လုံသက်သေ ပြည်ထောင်စု မြေခေါင်းစဉ်ဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၉)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အလားတူ ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက် အထက(၁)ကျောင်း၌ ကျင်းပသည့် ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူ (၁၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူ (၇)ဦး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲတွင် အလယ်တန်း ကျောင်းသား/သူ (၉)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါ ပြိုင်ပွဲဝင် ကျောင်းသား/ သူများအား အမှတ်ပေးဒိုင်အဖွဲ့အများက အကဲဖြတ် အမှတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှု များကို မြို့နယ်ပညာရေးမှူးမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)