ပေါင်းတည် ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ပေါင်းတည်မြို့မ အ-ထ-က ကျောင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့မအထက ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ရှေးဦးပြုစုခြင်းနည်းကို လူတိုင်း တတ်မြောက်ရန်၊ သဘာဝဘေးဒုက္ခသော်လည်းကောင်း၊ ရောဂါဘေး တစ်ခုခု ကျရောက်လျှင်သော် လည်းကောင်း မြို့နယ်ကြက်ခြေနီအသင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်၊ ကျောင်းနှင့် ပတ်ဝန်းကျင်အတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် ရောဂါခံစားရသူများအား ရှေးဦးပြုစုနည်းဖြင့် ပြုစုတတ်စေရန်စသည့် ရည်ရွယ်ချက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူ(၈၅)ဦး တက်ရောက်ပြီး သင်တန်းကာလ(၄)ရက်အတွင်း နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ စာတွေ့လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)