ဘားအံမြို့ အ.ထ.က(၄)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အခြေခံပညာအထက်တန်း အဆင့် ကျောင်းပေါင်းစုံ ပန်းချီ ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)အချိန်က  ဘားအံမြို့ အ.ထ.က(၄)ကျောင်းတွင် ကျင်းပ ပြုလုပ် ကြောင်း သိရသည်။

ပြိုင်ပွဲများဖြစ်သည့် ပန်းချီပြိုင်ပွဲတွင် အခြေခံပညာကျောင်း (၈)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၂)ဦးက “ပြည်ထောင်စုဖွား သွေးစည်းအားထင်ရှားပုံပြုစိန်ရတု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာ ပြိုင်ပွဲတွင် အခြေခံပညာကျောင်း(၈)ကျောင်းမှ ကျောင်းသားကျောင်းသူ (၁၅)ဦးက “အသီးတစ်ရာ အညှာတစ်ခု တို့ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ၄-၂-၂၀၂၂ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိ နားလည်စေရန် နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များရရှိစေရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် ပြန်/ဆက်