ဒေးဒရဲ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ် (၂)ရပ်ကွက်၊ မင်္ဂလာကံကျောင်းတိုက်ရှိ သံဃာ့နာယကအဖွဲ့ရုံးတည်ရှိရာ သာဓုနယ တန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော် (၁၀၁)ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ခြင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဘဒ္ဒန္တဝိဇိယ ရွှေမစိုးရိမ်ကျောင်းတိုက် ဆရာတော်က အဖွင့်ဩဝါဒကထာ မြွက်ကြွားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများကို လျောက်ထားခဲ့သည်။ ထို့နောက် အခမ်းအနားမှူးဆရာတော် ဘဒ္ဒန္တပညာသာမိက အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်များကို ကြေညာ၍ အစားထိုးရွေးချယ်မည့် ဆရာတော် (၁၃)ပါး၏ ဘွဲ့အမည်များကို သံဃာ့ဆန္ဒရယူ၍ ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။ မြို့နယ်သံဃာ့နာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်း ဆိုင်ရာ သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သာသနာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အေဇာလင်း