တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

တနင်္သာရီ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်၍ (Mask)များကို (အခမဲ့) ဖြန့်ဝေပေးကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ဦးမျိုးပြည့်ထွန်းတို့ ဦးဆောင် ကြီးကြပ်လျက် ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက်၊ မြန်မာ့ဆက်သွယ်ရေး၊ မြို့နယ်စည်ပင်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေး မှူးများပါသော ပူးပေါင်း အဖွဲ့များသည် မြို့မရဲစခန်းအရှေ့စုရပ်မှစတင်၍ တနင်္သာရီတံတားနှင့် အောင်မင်္ဂလာ (၁) ဈေးအရှေ့တို့သို့ အဖွဲ့(၂)ဖွဲ့ခွဲကာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် ခရီးသွားမိဘပြည်သူများနှင့် ဈေးဆိုင် ရောင်းချနေသူများထံ (Mask) (၅၀၀) ခုကို (အခမဲ့)ဖြန့် ဝေပေးကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကို တစ်ပါတည်း ယူဆောင်လာရေး၊ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေးထိုးအကြိမ်ပြည့်နှံရေး အသိပညာပေးမှာကြား၍ စာရင်းများရယူရာ တံတားအဖွဲ့တွင်(၉)ဦးနှင့် ဈေးအဖွဲ့တွင်(၁၁)ဦး၊ ဆေးမထိုးရသေးသူပေါင်း (၂၀) ဦး စာရင်းရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေး Mask Campaign ကို ယနေ့မှစ၍ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ ရက်သတ္တတစ်ပတ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)