သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

သရက် ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေ က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့အေးက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်မှာ အသက် (၁၄)နှစ်ပြည့်ပြီး အသက် (၁၆)နှစ်မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုကြောင်း၊ အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၁၈)နှစ်မပြည့်သေးသူကို ကျန်းမာရေးကောင်းမွန် ကြောင်း ဆရာဝန်၏ ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်းနှင့် အသက် (၁၈)နှစ်မပြည့်သူကို အန္တရာယ်ရှိသောအလုပ်တွင် မလုပ်စေရ (သို့မဟုတ်) လုပ်ခွင့်မပြုရကြောင်း၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမား ပပျောက် ရေးရည်မှန်းချက် (၃)ရပ်နှင့် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မူများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။     

ဇော်ဝမ်းထွန်း