ပိုင်ကျုံမြို့အတွင်း၌ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

ပိုင်ကျုံ ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့အတွင်း၌ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဂန္ဓမာပန်းဈေးကွက်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်သာ ဈေးကွက်ပျက်ခဲ့ပြီး အခြားလများတွင် ဈေးကွက်ကောင်းမွန် ကြောင်း၊ လက်ရှိတွင် ရွှေဝါဝင်းဂန္ဓမာပန်းပွင့်  ၁၅ ပွင့်ပါ   တစ်စည်းလျှင်  ဖောက်သည်ဈေးငွေကျပ်  ၅ဝဝ၊ ကြွေဖြူတစ်စည်းလျှင်  ငွေကျပ် ၆ဝဝ ဖြင့် ရောင်းချကြကြောင်းနှင့် မြေတစ်ဧကလျှင် ဂန္ဓမာပန်းမျိုး ၅ဝဝဝဝ စိုက်ပျိုးပြီး ငွေကျပ်သိန်း ၃ဝ ကျော်အထိ ရရှိကြောင်း ပန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ဂန္ဓမာပန်းစိုက်ရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းကို စနစ်တကျ ပြုလုပ်ကြရကြောင်း၊ ထယ်ရေးပြင်ပြီးသည်နှင့် ပေါင်များကို တစ်ပေါင်နှင့်တစ်ပေါင်ကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းအဖြစ် ထားရှိကြရကြောင်း၊   ဂန္ဓမာပန်းပျိုးပင်များကို ပျိုးပင် တစ်ပင်လျှင် ငွေကျပ် ၁ဝ မှ ၁၂ ကျပ် အထိပေးရကြောင်း၊ လက်ရှိတွင် ပန်းပေါင် တစ်ပေါင်လျှင် အပင်အရေအတွက် ၁၂ဝဝ ဝင်ဆံ့သည့်   ပမာဏအတိုင်းအတာဖြင့်  စိုက်ပျိုးထားကြောင်း၊  မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလိုပြုလုပ်ကာ  မြေတစ်ဧကလျှင်  ပန်းပင် ၅ဝဝဝဝ စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ ရှိကြောင်း ဂန္ဓမာစိုက် တောင်သူများထံမှ သိရသည်။

စောဂျိုးဇက်ဂျူး