ဟင်္သာတ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သော နိုင်ငံတော်မှ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး (ပုလဲ)ဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း က နိုင်ငံတော်မှ ၂၀၂၁−၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုး လုပ်ကိုင်သည့် တောင်သူများအား စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် (ပုလဲ)ဓာတ်မြေသြဇာများအား တောင်သူတိုင်း ရရှိနိုင်ပြီး လက်ရှိယူရီးယား စျေးနှုံးကြီးမြင့်မှုမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖြန့်ဖြူးပေးအပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေး ဦးစီးဌာနခရိုင် ဦးစီးမှူး ဦးမျိုးမင်းလွင်ဦးက ဓာတ်မြေသြဇာ ဖြန့်ဖြူးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွေစပါးစိုက်ပျိုး လုပ်ကိုင်သည့် တောင်သူများအား ဓာတ်မြေသြဇာ အိတ်များ ဖြန့်ဖြူးပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းလွင်ဦးနှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ