ဧရာတိုင်းဒေသကြီးတွင် ငှက်ပျောချည်မျှင်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပုသိမ် ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငှက်ပျောပင် အများအပြား စိုက်ပျိုးလျက်ရှိသော တိုင်းဒေသဖြစ်သည်နှင့် လျှော်ညီစွာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ငှက်ပျောပင် ပင်စည်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းဖြင့် လူ့အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးထံမှ သိရသည်။

ငှက်ပျောပင်မှ အသီးကိုစားသုံးပြီး စွန့်ပစ်ပစ္စည်းဖြစ်သည့် ပင်စည်ကို အသုံးပြုကာ စျေးကွက်ဝင်တန်ဖိုးမြင့် ကုန်စည်များအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သွားရန်နှင့် ပင်စည်မှရရှိမည့် အမျှင်များဖြင့် ငှက်ပျောချည်မျှင်ဖြင့် လူ့သုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်၊ လက်ကိုင်အိတ်၊ ဖိနပ်နှင့်စက္ကူစသော လူ့အသုံးအဆောင် ပစ္စည်းများအပြင် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းဖြစ်သော mask များကိုပါ ထုတ်လုပ်သွားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ငှက်ပျောချည်မျှင်ကို အသုံးပြုကာ လက်မှုပညာဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချ သွားနိုင်ရေးအတွက်  လက်မှုထည်ထုတ်လုပ်ခြင်းကို စီမံကိန်းချမှတ်ကာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှု ဦးစီးဌာနရုံးတွင် စိတ်ပါဝင်စားသူများအား သင်တန်းများ ခေါ်ယူသင်ကြား ပြသပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ပုသိမ်)