မြိတ် ဖေဖော်ဝါရီ ၄
ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်ခန္ဓာများကို ကယ်တင်ဆောင်ရွက်ရာ တွင် စွမ်းရည်ပြည့်ဝစွာဖြင့် ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ် ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
“တပ်ဖွဲ့ဝင်တွေကို ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စဉ်ဆက်မပြတ်သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး လေ့ကျင့်ရာမှာ ပိုမိုအားစိုက် ဆောင်ရွက်စေ၍ ကျွမ်းကျင်မှု ပိုမိုရရှိစေဖို့နဲ့ စနစ်တကျ ဆောင်ရွက်တတ်စေဖို့ ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲကျင်းပတာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။
ပြိုင်ပွဲတွင် ချောက်ထဲကျနေသော လူနာအား ဆယ်တင်ကယ်ဆယ်ခြင်း၊ တောင်ပေါ်မှ လူနာအားထမ်းစင်ဖြင့် တောင်အောက်သို့ သယ်ဆောင်ခြင်း၊ လူနာတင်ယာဉ်ဖြင့် တင်ဆောင်၍ ဆေးရုံပို့ဆောင်ခြင်းနှင့် အဆင်းလမ်း ပိတ်နေသော အထပ်မြင့် အဆောက်အဦမှ လူနာအားထမ်းစင်၊ အသက်ကယ်ကြိုးသုံး၍ အောက်သို့ ချခြင်းတို့ကို မြိတ်ခရိုင်မီးသတ်စခန်းရှိ မြေပြင်မှ (၃)ထပ်အမြင့်နှင့် သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို မြိတ်ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲဝင်များဖြင့် ပြိုင်ပွဲဝင်အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင်(၈)ဦးစီဖြင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြုကာ အဖွဲ့(၃)ဖွဲ့ယှဉ်ပြိုင် ခဲ့ကြရာ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးအကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအပြီးတွင် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် အားသာချက် အားနည်းချက်များကို မြိတ်ခရိုင်မီးသတ် ဦးစီးဌာနမှူး က ပြန်လည်ရှင်းလင်း ပြောကြားခဲ့၍ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)