မြောင်းမြ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ ဒိုဘီကုန်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက တံတားနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့အမှုဆောင်အရာရှိ၊ တံတားကို တာဝန်ယူ တည်ဆောက်သည့် မင်းယုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မော်ကွန်းတင်ကမ္ဗည်း ကျောက်စာအား အမွှေးနံ့သာ များဖြင့်ပက်ဖျန်းပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည်သည်များမှ တံတားအား ကြည့်ရှုစစ်ဆေးပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ဒိုဘီကုန်းတံတားသစ်ကို မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီး မင်းယုကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ တံတားအတိုင်းအတာမှာ အရှည် ၇၀ပေ၊ အကျယ် ၂၆ ပေ၊ RC ( Bored Pile) အမျိုးအစား တံတားဖြစ်ပါသည်။ တင်ဒါအောင်မြင်ငွေ ၁၁၈.၅၄၈ သန်းဖြစ်ပြီး တံတားစတင် တည်ဆောက်သည့်နေ့မှာ ၁၅-၅-၂၀၂၁ ရက်နေ့ဖြစ်ပြီး ၈-၉-၂၀၂၁ ရက်နေ့တွင် တံတား တည်ဆောက်ပြီးစီးကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။
ခရိုင်ပြန်ဆက်