(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့အဝင်ဆိုင်းဘုတ်နှင့် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

ဖျာပုံ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ဖျာပုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတို့အား ယမန်နေ့ နံနက်(၁၀)နာရီ(၃၅) အချိန်က အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖျာပုံကျိုက်လတ် ကားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ် ဖွင့်ပွဲအား နံနက်(၁၀)နာရီ (၃၅)အချိန်တွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မြို့ဝင်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ဖျာပုံမြို့အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ဆက်လက်ကျင်းပရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးတိုးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်ကြီးအား လှည့်လည်ကြည်ရှု စစ်ဆေးကြသည်။

အဆိုပါလမ်းမကြီးမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ၂၀၂၁-၂၀၂၂ ခုနစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မတည်ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၇၁၉)ပေ၊ အကျယ်(၂၂)ပေ၊ ထု(၈)လက်မရှိ၍ ကုန်ကျငွေသိန်းပေါင်း(၄၇၀)ကျော် အကုန်အကျခံကာ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)