ဒေးဒရဲ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် စစ်ကြောင်းမှူး ဦးဆောင်သော ပြိုင်ပွဲဝင်အသင်းများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား အလေးပြုပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဝင် အားကစားသမားများက သစ္စာဓိဌာန်ရွတ်ဆိုခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနက ဦးဆောင်၍ Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီးနောက် ဖူဆယ် ဘောလုံးပြိုင်ပွဲ ပထမနေ့ ပွဲစဉ်(၁)အဖြစ် မီးသတ်ဦးစီးဌာနအသင်းနှင့် လယ်ယာ/ စာရင်းအင်း (က)အသင်း၊ ပွဲစဉ်(၂)အဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ခ)အသင်းနှင့် လယ်ယာ/ စာရင်းအင်း (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲ တွင် ဌာနဆိုင်ရာများရှိ အားကစားအသင်း (၈)သင်းမှ ပြိုင်ပွဲဝင် အားကစားသမား(၈ဝ)ဦး ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)