ကံမ ဖေဖေါ်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သောကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေ ၅ နာရီအချိန်က နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် လျော့ကျနေပြီဖြစ်သော်လည်း မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ရက်ပိုင်းအတွင်း နိုင်ငံတော်တော်များများ ကူးစက်လာခြင်း၊ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ရောဂါပိုး တွေ့ရှိသူရှိနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်မီအောင် လာရောက်ထိုးနှံကြရန် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း