ရွှေဘို ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့တော်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လေလံကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ အခွင့်အရေးလိုင်စင်များ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အမာဆွေ ကလေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မရှင်းလင်းသည်များရှိက မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော လေလံပွဲသည် ပထမအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း လေလံတင် ရောင်းချသည့် လုပ်ငန်းပေါင်း ၁၀ ခုတွင်လေလံ လျှောက်ထားသူ ၂၃ ဦးရှိကြောင်း လေလံ လျှောက်ထားသူများအနက်မှ စည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ ရောင်းချပေး သွားမည် ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးသန်းဦးထံမှ သိရသည်။
စိုးသီဟ(ရွှေဘို)