မအူပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲဆောင်ရွက်

မအူပင် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံသားတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်ရန်နှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်းများအား နိုင်ငံသား မိသားစုတိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုင်ဆောင်ထားရှိနိုင်ရန် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မအူပင်မြို့နယ် ဦးစီးရုံး မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ဝန်ထမ်းများက တလုတ်လပ်အရှေ့ကျေးရွာအုပ်စု၊ ဇောယျာ သိဒ္ဓိသိမ်ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက နိုင်ငံသားတိုင်းနိုင်ငံသားကတ်ပြားကိုင်ဆောင်ရာတွင် သတ်မှတ်ထား သည့် ဥပဒေ၊ နည်း၍ပဒေများနှင့်အညီ အသက်အပိုင်းအခြားအလိုက် ကိုင်ဆောင်နိုင်ခွင့်နှင့် နိုင်ငံသားကတ်၏ တန်ဖိုးသက်ရောက်မှုများကို အဖွင့်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများက နိုင် ၃(က) ၃၃ဦး၊ အသက် ၁၈နှစ်အထက် နိုင် ၆(က) ၇၄ ဦး၊ အသစ်လဲလှယ် ၄၀ ဦး၊ မိတ္တူ ၈၄ ဦး၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃၁ ဦးနှင့်အိမ်ထောင်စု လူဦးရေစာရင်း ၃၄၆ စုအား ပြည်သူများလက်ဝယ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (ပြန်/ဆက်)