မြို့သစ်တွင် “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ် စိုက်ထူ

မြို့သစ်  ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်း ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ဖြန့်ဝေပေးသော “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နေ့လည်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဆိုင်းဘုတ်တွင် “ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး” သင်အလုပ်ခန့်မည့်ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီး ဖြစ်ပါစေ၊ ကလေးများအားအကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးပါ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မလုပ်စေရပါ၊ အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ယူရေး တိုက်တွန်းပြီး ကျောင်းတက်ရန် စီစဉ်ပေးပါ၊ မည်သည့်အလုပ်ရှင်မဆို ကလေးအလုပ်သမား ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက (၆)လ ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ ငွေကျပ်သိန်း (၁၀၀) ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေခြင်း အထူးသဖြင့်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာတား ဆီးကာကွယ်ပေးကြပါ၊ ဥပဒေအရ တရားဝင်လုပ် ကိုင်ခွင့်ရှိသည့် ကလေး အလုပ်သမား များအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ် ပေးကြပါ၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ် သမားများအား ဖယ်ရှားပြီးသင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကြောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက် ပေးကြပါရန် စသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။

“ကလေးအလုပ်သမားပပျောက်ရေးပူး ပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်ထက်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)