ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်မှုများဆောင်ရွက်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆူးလေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထု ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊ မျက်စိ၊နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ကိုဗစ်-၁၉ရောဂါ ကွင်းဆက် ပြတ်တောက်စေရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့်အချက်များကို Hand Speakerဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)