(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီးကုန်းမြို့နယ်တွင် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲပြုလုပ်

ဇီးကုန်း ဖေဖော်ဝါရီ ၃

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ဆောင်ရွက်သည့် မယင်းသဲခုံကြီးကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ နေ့က အဆိုပါ ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က ကျေးရွာမီးလင်းရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးလင်းရေးကော်မတီဉက္ကဋ္ဌတို့က လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ပြီးစီးမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

မယင်းသဲခုံကြီးကျေးရွာ လျှပ်စစ်မီးလင်းရေးဆောင်ရွက်မှုတွင် ကျေးရွာတွင်း (၄၀၀) ဗို့အားလိုင်း (၃၄၀၀ ပေ)တည်ဆောက်ခြင်းကို မြစိမ်းရောင် အတိုးရရှိငွေကျပ် (သိန်း ၆၀) နှင့် ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေကျပ် (၅၅ သိန်း) ကျော်ဖြင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ထောင်စု (၃၄) စုမှ မိသားစုဝင်များ လျှပ်စစ်မီး ၂၄ နာရီ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)