(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေါမြို့အောင်ချမ်းသာ၊ အရှေ့ဘက်ကမ်းရပ်ကွက် သခင်လှမြိုင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝေါ ဖေဖော်ဝါရီ ၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်း ဝေါမြို့စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သော (မြို့ပြလမ်း) ဝေါမြို့ အရှေ့ဘက်ကမ်းရပ်ကွက် သခင်လှမြိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက် (၁၁) နာရီက အဆိုပါကွန်ကရစ် လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမရှိစဉ်က ရပ်ကွက်နေပြည်သူများ မိုးတွင်းအခါ နှစ်စဉ်ရေကြီးမှုများရှိ၍ သွားလာမှုခက်ခဲပြီး နွေအခါသဲဗွက်များရှိနေ၍ သွားလာရခက်ခဲသောလမ်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ယင်းလမ်းကို ကွန်ကရစ်လမ်းခင်းပေးသည့်အတွက် ဒေသခံပြည်သူများ ဝမ်းသာပီတိဖြစ်နေကြကြောင်း ဒေသခံတစ်ဦးကလည်း ရင်တွင်းပီတီစကားသံကို ကြားသိခဲ့ရပြီး ဝေါမြို့သခင်လှမြိုင်လမ်း ကွန်ကရစ်လမ်းသည် အရှည် (၈၄၅) ပေ၊ အကျယ် (၁၀)ပေနှင့် (၆)လက်မထု ရှိကာ လုပ်ငန်းတန်ဘိုးငွေ (၂၀၆၄၅၀၀၀) ကျပ် အဆိုပါသခင်လှမြိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက်နေပြည်သူဦးခင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သခင်လှမြိုင်လမ်းဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်း၊ ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းလှိုင်တို့က ယင်းလမ်းအား ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက်ပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါလမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ ဗိုလ်မှူးမျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)