တောင်ငူ၌ ကျေးရွာ (၁၇) ရွာကို အကျိုးပြုနိုင်သော  ကျွန်းကုန်း - နေပူကုန်း ကွန်ကရစ်လမ်းဖွင့်လှစ်

တောင်ငူ ဖေဖော်ဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ကျွန်းကုန်း-နေပူကုန်း ကွန်ကရစ်လမ်းဖွင့်လှစ်ခြင် အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ကွန်ကရစ်လမ်းသစ်ပေါ်တွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် တောင်ငူလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်စိုးမိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဖွင့်ပွဲအား တောင်ငူလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်စိုးမိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်နှင့် ခရိုင်ကျေးလက်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အေးအေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံကျေးရွာနေပြည်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါလမ်းပိုင်းကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် (၁) မိုင်၊ အကျယ် (၁၂) ပေ၊ လမ်းပခုံးတစ်ဖက်လျှင် အကျယ် ၃ ပေ၊ ထု ၂ လက်မတို့ဖြင့် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၂၀ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၁၇ ရွာကို အကျိုးပြုနိုင်သော လမ်းပိုင်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)