ကျောင်းကုန်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်နှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာ ရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး(၂၆)မြို့နယ် ပြိုင်ပွဲသို့ မြို့နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့သော အေရိုးဗစ်အသင်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားသမားများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးတင်မောင်က အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် မိုးလုံလေလုံအားကစားခန်းမ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ သုခကြွယ် ဖူဆယ်ဘောလုံးကွင်း၌ အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲအား ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ (၁၆)သင်း ဝင် ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ (၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် ဆုချီးမြှင့်ပွဲ ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)