ဖားကန့် ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့သို့အထွက် လုံးခင်းကျေးရွာ၊ လယ်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ (၆)ဘီးကားဖြင့် ပေပါပုံးများအတွင်းဝှက်၍ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်း အရွယ်အစားဆိုဒ်စုံ (၉၈)အိတ်၊ (၃၄၇၀)ကီလိုခန့် အား ယမန်နေ့နံနက် (၆)နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။
လုံးခင်း-လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြည်ဌေး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ဖားကန့်မြို့မရဲစခန်းနှင့် လုံးခင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာန၊ လက်မှု(၅) ဦးရှိုင်းမောင်မောင်မြင့် တို့သည် သက်သေများနှင့်အတူ ဖားကန့်မှ ကာမိုင်းသို့ထွက်ခွာမည့် ယာဉ်အမှတ် 2B/…..NISSAN အမျိုးအစား(၆)ဘီးယာဉ်အား စစ်ဆေးရာ ဆီပေပါအခွံ(၆၀)လုံးအနက်မှ (၁၂)လုံးအတွင်း ကျောက်စိမ်းအရိုင်းတုံး အရွယ်အစား ဆိုဒ်စုံ (၉၈)အိတ်၊ အလေးချိန်အားဖြင့် (၃၄၇၀)ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင်ကျောက်စိမ်းရိုင်း သယ်ဆောင်သူများဖြစ်သည့် ယာဉ်မောင်း သန်းထိုက်အောင်၊ ယာဉ်နောက်လိုက် ခိုင်မင်းဦး၊ ကုန်သည် ဦးကျော်မြတို့အား လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနမှ တရားစွဲဆိုထားပြီး လုံးခင်းနယ်မြေရဲစခန်းက အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)