ဖြူး ဖေဖော်ဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရွက်ပုံးသီး မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး မြို့နယ်မှတဆင့် ခရိုင်/တိုင်း/ နိုင်ငံတော်အဆင့်အထိ ပါဝင်ယှဉ်ပြိုင်လာနိုင်စေရေးအတွက် ရည်ရွယ်ကာ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ် အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဆောင်ရွက်ပေးရာတွင် ပြိုင်ပွဲဝင်များအဖြစ် နတ်ရေကန်ကျေးရွာ အသင်း(၁)၊ နတ်ရေကန်ကျေးရွာအသင်း(၂)၊ ရမ်ဘိုFCအသင်း၊ အာနိုးFCအသင်း၊ ဂန္ဓီFCအသင်း၊ ဘူတာ တောင်အသင်း၊ ပိန္နဲခုန်(၁)အသင်း၊ ပိန္နဲခုန်(၂) အသင်းများမှ အုပ်စုပွဲ၊ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲစဉ်များကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ထိ ယှဉ်ပြိုင်စေကာ ဆုပေးပွဲကို (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမနေ့အနေဖြင့် နတ်ရေကန်ကျေးရွာအသင်း(၂)နှင့် ဂန္ဓီ FC အသင်းတို့ စတင်ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများသွားရောက် ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)