နာဂဒေသ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

လေရှီး  ဖေဖော်ဝါရီ   ၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကား‌ ပြောကြားခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်က အမှာစကားနှင့်အတူ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်၍လည်းကောင်း၊ အဆိုပါ ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ကျေးရွာနေပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း ရှင်းလင်းတိုက်တွန်း ပြောကြာခဲ့သည်။

အဆိုပါလမ်း ဆောင်ရွက်ပြီးစီးခဲ့မှုကြောင့် ကျောင်းသား/သူများ၊ မိဘပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနေပြီဖြစ်ရာ အလွန်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ရေဒေါင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယိုင်ဆက်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ခလရ(၅၂) ရှေ့တန်းတပ်စခန်းတပ်ရင်းမှူး ဖြိုးဝေလင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်၊ မြို့မိမြို့ဖ ဦးမြင့်အောင်နှင့် ရေဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိုင်ဆက်တို့က အဆိုပါ ရွာတွင်းလမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းမှာ အရှ‌ည်မိုင်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေနှင့် ၇ လက်မထုရှိသော ကွန်ကရစ်လမ်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ (၉၂.၅၆၄) ကျပ်သန်းဖြင့် လာဘ်ကောင်းကင်ကုမ္ပဏီမှ (၁၀-၁၂-၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကာ (၃၀-၆-၂၀၂၁) ရက်နေ့တွင် (၁၀၀%) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

စံကျော်ဦး(ပြန်/ဆက်)